Showing posts with label ကျွန်တော်နှင့်စာသားများ. Show all posts
Showing posts with label ကျွန်တော်နှင့်စာသားများ. Show all posts

Friday, October 2, 2009

ငါ၏ ဗိမာန်

ငါ၏ ဗိမာန်

ကမ္ဘာကိုပတ်တာ ... အခေါက်အခါ မရေ မတွက်ချက်နိုင်အောင်ပါ

နောက်ဆုံးတော့လည်း ... ဒီနေရာလေးကိုပဲ ဖက်တွယ်နေမိခဲ့ အရိုင်းအစိုင်းစိတ်
အီဂျစ်က ပိရမစ်ကြီးတွေပေါ်မှာ နားမယ့် ခရီးစဉ်တွေ
မာမ်မီတွေနဲ့ ညစာစားပွဲတွေကိုပါ အကြိမ်ကြိမ်ဖျက်ပစ်ရင်းပေါ့

ဝေဒနာတွေကလည်း ပုံစံမျိုးစုံနဲ့ ဆန်းသစ်ခဲ့ရတယ် ... နာကျင်မှုကတော့ မင်းနဲ့ ဝေးသွားရတဲ့နေ့ကအတိုင်းပါပဲ
မင်းပြောပြသွားခဲ့တဲ့ ပန်းပွင့်ကလေးတွေအကြောင်း ... ကြယ်ပွင့်ကလေးတွေ ကြွေကျသွားတဲ့အကြောင်း ... လှပနေကြတာမြင်တွေ့ရပေမယ့်
နာလိုစိတ်တွေ ယနေ့တိုင်လက်ပြနှုတ်ဆက် ... နှလုံးသားမှာ မြွေပွေးအကောင်ပေါင်းများစွာ မွေးမြူရင်း
ကွဲအက်ကြွေမွသွားတဲ့ အပိုင်းအစလေးတွေ... လိုက်ဆက်နေရတာကိုက .. ငါ့ဘ၀ရဲ့ ရသတဲ့လား ...

နိမ့်မြင့်တက်ကျ ဘ၀ကို မြတ်နိုးတန်ဖိုးထားပေမယ့် ... အမြဲတမ်း အနိမ့်ဖက်မှာပဲ ကျက်စားနေရတော့
ဖုန်တွေသာအလိပ်လိပ်ထ .. အခါခါခုန်နေရတဲ့ ခြေထောက်တွေလည်း နာကျင်နေပါပြီ ...
ဒီအနာကတော့ တစ်သက်စာလုံးအတွက် မင်းပေးသွားတဲ့ ကျိန်စာငယ်လေးတစ်ပုဒ်ပါ ...

ခြေရာတွေနောက် လမ်းစပြန်ကောက်ကြည့်တော့ ... ငါဖက်တွယ်နေတာ .. ဒီနေရာလေးပါပဲ ...

ကေ.တီ.အမ်

Tuesday, April 28, 2009

ညနက်သားကောင်

ညနက်သားကောင်

အတ္တကို မီးသင်္ဂြီုဟ်တဲ့ည
တိုးတိုးလေး ငြီးလို့
အသက်ငွေ့ငွေ့ဟာ လွင့်ပြယ်သွားရင်
အလင်းတွေ တဖြုတ်ဖြုတ်ကြွေကျ
...

အေးစက်တဲ့ လက်ကိုတွဲ
လမ်းတစ်လျှောက်က မီးအိမ်တွေ
ခြောက်သွေ့တဲ့ ခေါင်းလောင်းသံတွေရဲ့
...

"အဆုံးမှာ"
ပွင့်လက်စ တံခါးကြားက
စောင့်ကြိုနေသာ မီးတောက်မီးလျှံတွေ
...

အော်ဟစ်ရင်းသာ
အော်ဟစ်ရင်းနဲ့သာ
...

ကေ.တီ.အမ်

Friday, February 13, 2009

ခေါင်းစဉ်မရှိ (၂)

ခေါင်းစဉ်မရှိ (၂)

ရထားတစ်စင်းဆိုက်တိုင်း ဆင်းတဲ့သူဆင်း၊ တက်တဲ့သူ တက်နဲ့
သက္ကရာဇ်တွေ မရှိဘူး၊ ပြိုချင်သလိုပြိုခဲ့ကြ ဖြိုချင်သလိုဖြိုခဲ့ကြ
မြေပေါ်မှာကြောခင်း မြေအောက်မှာကြောခင်း
စကြာဝဠာရဲ့ အငွေ့အသက်တွေထဲမှာ ပျော်ချင်သလိုပျော်ခဲ့ကြတယ်

အရောင်အသွေးတွေစုံလင်ကြသလောက်
ရောင်စဉ်မဲ့ အလင်းတန်းတွေနဲ့ မိတ်ဖွဲ့ဖို့ရာ လမ်းစပင်ပျောက်
တံဆိပ်မျိုးစုံတပ် ရင်ကိုကော့လို့ ခေါင်းမော့ကြ
မနေ့က ဖြစ်ရပ်တွေကို တူးဖော်ရင်း ဆေးကြောဖို့ရာ အသိပင်မ၀င်
ငါးကမ္ဘာထိမက အဖန်များစွာ ကိုယ်လက်နဲ့ ကိုယ်တိုင် သေစေတယ်
နှလုံးသားပြဇာတ်ခုံပေါ်မှာ မိစ္ဆာမျိုးစုံ မြူတူး ကခုန်ခဲ့စေတယ်

ငါဆိုတဲ့ ပန်းကုံး လည်ပင်းကနေ မချွတ်ချင်သရွေ့တော့
နေအဖွဲ့အစည်းထိရောက်ဖို့ မကြိုးစားနဲ့တော့
ကိုယ်တိုင်သာ ပြန်မေးလိုက်ပါ
ဘေး ဘယ် ညာ ရှေ့ နောက် အတွက် အသုံးကျခဲ့ရဲ့လား

ကေ.တီ.အမ်

Sunday, January 25, 2009

ကြွေလွန်ခဲ့သော ဖဲချပ်တစ်ချပ်

ကြွေလွန်ခဲ့သော ဖဲချပ်တစ်ချပ်

မင်းထိုးခဲ့တဲ့
စစ်တုရင်ကစားဝိုင်းမှာ
ခြေအစုံချဖို့အတွက်
နေရာလေးတစ်ခု ရှိနေတာကို
ကျေနပ်နေခဲ့သူပါ ...

ဒီလိုသာနေခဲ့ရင်း
နာရီတွေသာ ခရီးလွန်ခဲ့တယ်
ငါက
ပူကျစ်တောက်ပတဲ့ နေကို
အံတုရဲခဲ့တဲ့ နှင်းစက်တွေလိုမျိုး ...

နောက်ထပ်
ငါ့အတွက် ဘာကစားကွက်မှ
မလိုအပ်တော့ပါဘူး
အသည်းကို အစားခံဖို့
ဘ၀က လည်မျိုမှာ ဓါးရာအထပ်ထပ်နဲ့
ငါ့လက်ထဲက ဖဲချပ်ဟာလည်း
ပြာကျ ကြွေလွင့်ခဲ့နှင့်ပေါ့ ...

ကေ.တီ.အမ်
(၂၃း၃၄၊ ၂၄.၀၁.၂၀၀၉)

Sunday, January 4, 2009

ပင့်ကူတစ်ကောင်၏ အထုပ္ပတ္တိ

ပင့်ကူတစ်ကောင်၏ အထုပ္ပတ္တိ

ပင့်ကူသည် ပင့်ကူတစ်ကောင်ဖြစ်သည်။
နေထိုင်သောအရပ်ဝန်းကျင်သည်လည်း ပင့်ကူတစ်ကောင်နေထိုင်သော အရပ်ဒေသကဲ့သို့ဖြစ်သည်။
ရှာဖွေစားသောက်ခြင်းများသည်ကား ပင့်ကူတစ်ကောင်အတိုင်း ကျင့်ကြံစားသောက်သည်။
ပင့်ကူတွင်မူ … အခန်းထောင့်တွင်ရှိ ဖုန်အလိပ်လိပ်ထ၊ အမျှင်အတန်းများ ရစ်ပတ်နှောင်ဖွဲ့သော ဦးနှောက်မျိုးသာရှိသည်။
...
သို့သော် ပင့်ကူတွင် … တုတ်တစ်ချောင်းရှိသည်။
ပင့်ကူသည် လူအမြင်ကပ်အောင်လည်း နေတတ်သည်။
ပင့်ကူသည် ခြေများသောကြောင့် ခေါင်းပေါင်းများစွာလည်း နင်းခဲ့၊ ဖောက်ခဲ့ဖူးသည်။
...
ယခုအခါ ပင့်ကူတွင် အတောင်တပ်ခြင်းခံရသည်။
ပင့်ကူပျံသန်းနေရသော အရပ်ဒေသများသည် ပင့်ကူနှင့်လားလားမျှ မသက်ဆိုင်။
သို့သော်ငြား ပင့်ကူ၏ နောက်တွင် တုတ်တစ်ချောင်းမကရှိသည်။
ပင့်ကူသိသည်။ ပင့်ကူ ပျံရမည် သန်းရမည်။
ပင့်ကူ၏ နေ၀င်ချိန် မရောက်သရွေ့ ပင့်ကူ တောင်ပံများနှင့်သာ အချိန်ကုန်ရမည်။
...
ပင့်ကူ ...

ကေ.တီ.အမ်

သုည မှ သုည အတွင်း

သုည မှ သုည အတွင်း

တစ်ယောက်တည်း နေ
တစ်ယောက်တည်း စား
တစ်ယောက်တည်း ငါးခုံးမ

တစ်ယောက်တည်း ငါခုံးမ
တစ်ယောက်တည်း စား
တစ်ယောက်တည်း နေ

ကေ.တီ.အမ်

Thursday, December 4, 2008

စုန်းမတစ်ကောင်ရဲ့ ...

စုန်းမတစ်ကောင်ရဲ့ ...

ယောက်ျားတစ်ယောက်ရဲ့ ကျောပြင်
ချစ်လွန်းလို့ လမ်းတလျှောက်ထမ်းပိုးခဲ့တာ
နွားတစ်ကောင်လို ရုန်းနေတာမဟုတ်ဘူး
ငါ့ကတိတွေကို
မီးလောင်တိုက် သွင်းခဲ့ပြီးပြီ.....
ရေအိုင်ပွက်တာတဲ့လား
လှိုင်းရိုက်ခတ်သွားခဲ့တာပါ

မိုးရွာထဲ.. ပန်းချီဆွဲတဲ့ ငါဘ၀ ...
ဝိုးတိုးဝါးတားနဲ့
ခြေလှမ်းတိုင်းလည်း ..
သစ်ခြောက်ရွက်တွေပဲခစားကြ
ရေကြည်စရာမလိုသလို ...
မြက်နုလည်း ငါမစောင့်ဘူး

စုန်းမလို မင်းလက်တွေ
ငါ့အသည်းကို လာမကိုင်ပါနဲ့တော့
အဲဒီလို ..
ကတိကိုငြင်းလိုက်တာက ...
နောက်ထပ်ကတိတစ်ခု
ပေးလိုက်တယ်ဆိုတာ
မင်း … အမြဲအမှတ်ရနေအောင်
တကိုယ်လုံးသာ စုတ်ထိုးထားလိုက်

ကေ.တီ.အမ်

Monday, December 1, 2008

ကျွန်နုပ်၏ စာမျက်နှာ

ကျွန်နုပ်၏ စာမျက်နှာ

မရည်ရွယ်ပဲ ကျလာတဲ့
မိုးစက်တွေအတွက်
နာကျင်စေခဲ့မိရင်
နေရောင်ခြည်တွေနဲ့
နွေးထွေးပါစေ

မျက်ဝန်းတွေကို
ခဏလောက် ကြည့်ပေးပါ
နားကျဉ်းစရာများ မြင်တွေ့ခဲ့ရင်တော့
ကျောက်ဖျာထပ်မှာ နှင်းဆီပန်းတွေ
စိုက်ပျိုးထား … ပြီးသားပါ

မင်းတစ်ယောက်တည်း
ကြေကွဲ ငိုကြွေးနေတယ် မထင်ပါနဲ့
မရည်ရွယ်ပဲ ကျလာတဲ့
မိုးစက်တွေထဲက မျက်ရည်တွေကို
မင်းသတိမထားမိတာပါ

ခြေလှမ်းတိုင်းလည်း
မင်းခြေလှမ်းတွေနဲ့
ကမ္ဘာမြေထဲက ငါ့ခြေလှမ်းတွေ
ထပ်တူကျလွန်းလို့
တို့နှစ်ယောက်အရိပ်က
အမြဲတစ်ခုတည်းဆိုတာ မင်းမသိလို့ပါ

ကေ.တီ.အမ်

Monday, October 27, 2008

ကွင်း

ကွင်း

ငါရေးတဲ့ စာသား
ငါဖန်တီးတဲ့ သံစဉ်
ရောင်စုံဘောလုံးတွေပါ
အထီးကျန်ဆန်ဆန်
ကန်သွင်းသူလည်း ငါ
ဂိုးဖမ်းသူလည်း ငါ
သွားကြပါ လုပ်ကြပါ
ထက်မြတ်တဲ့ခြေလှမ်းတို့
ငါ့ဦးနှောက်က ပင့်ကူကိုတော့
အစာငတ်အောင်မလုပ်ကြနဲ့
ငါ့ရဲ့ရောင်စုံအချိန်တွေ
ငါ့ရဲ့ရောင်စုံစာသားတွေ
ငါ့ရဲ့ရောင်စုံသံစဉ်တွေ
မြောင်းထဲမှာ ကျက်စားနေကြတယ်
ဦးနှောက်အကြောင်းသိချင်ရင်
ကိုယ့်ဦးနှောက်ကိုအရင်ဖွင့်ကြည့်
သတိ သတိလေးတော့ထား
အသင်တို့၏ ရွှေချထားသောလက်တွေ
မြောင်းထဲကိုတော့ လာမနှိုက်ကြပါနဲ့

ကေ.တီ.အမ်

လေကြီးခြင်း မိုးကြီးခြင်း

လေကြီးခြင်း မိုးကြီးခြင်း

အာခေါင်မှာ အနာပေါက်တာပါ
ပေါင်ပေါ်က တတောင်ဆစ်အရာ
ဗလပွကလည်း
ဘယ်သူနဲ့မှ မဆိုင်ပါဘူး

မနေနိုင်မထိုင်နိုင်
ကမ္ဘာဟည်းမလားလို့
ဖနောင့်တွေအရိုအက်
ဦးနှောက် အရည်ခမ်းနဲ့
သွေးကြောအားလုံး ဖြဲကြည့်တိုင်း
အဲဒီအကြောတော့ မတွေ့မိဘူး

လည်ပင်းထက်က
လူတကာဆွဲပေးတဲ့ ပန်းကုံးနဲ့
အမြင်တွေ တဖြည်းဖြည်းဝါး
ငါ့အရပ် ငါ့ဇာတ်က
လက်ခုပ်သံတွေစုံလို့ပေါ့
ပွင့်ဖတ်တိုင်းလည်း ငါတံဆိပ်ခတ်တာ
၃၂ ချောင်းလုံးမှာအစွယ်မပြည့်လို့

အကြောတစ်ခု ရှာတွေ့တော့
သွေးတစက်မှ ဖွေမရ ရှာမရ
ဒါတောင် လူကုံထံ အသိုင်းအ၀ိုင်းထဲ
အရေခွံခွာ မြေခွေးတစ်ကောင်အလား
သေချာပါတယ် … ရှေ့ဆက်ခြင်းတွေ
အလိုက်သိတဲ့ လက်သုံးချောင်းအတွက်
ဂုဏ်ယူမြဲသာ …. ကျေနပ်ဆဲသာ

ကေ.တီ.အမ်

Thursday, October 23, 2008

အနုပညာပြခန်း

အနုပညာပြခန်း


ကေ.တီ.အမ်

Tuesday, October 21, 2008

အနောက်ဖက် မိုးကုတ်စက်ဝိုင်းဆီသို့

အနောက်ဖက် မိုးကုတ်စက်ဝိုင်းဆီသို့

စကားလုံး တစ်လုံးအတွက်
လေမှုတ်ထည့်ပြီး မပြောချင်တော့ဘူး
ရပ်လိုက်ကြတာ မကောင်းဘူးလား
သက်တမ်းစေ့
ရက်စက်မှုအပင်တွေကိုပဲ
အဆိပ်လောင်းလာတာ
ဦးနှောက်မှာ အမြစ်တွယ်
ငါ့လက်တွေမှာလည်း
အမုန်းအခက် အလက်

တကယ်က
ရေမြေလေဆီ သွားကြတဲ့
ဘယ်ပေတံမျိုးမှကို ညီမျှမှုတွေ
မပေးစွမ်းနိုင်တော့တာ

မရွံမိပါဘူး…
ငါကိုယ်တိုင်လည်း တံထွေးပါ
မြင်အောင်လည်း ပြန်ကြည့်ဦးဟေ့ …
ဒဏ်ရာပေါ်မှာ အနာထပ်ဖြစ်တာက
ဘ၀တစ်ခုမဟုတ်တာ သေချာပါတယ်

ငါလိုကောင်က
အရိပ်လိုလည်း နေပူမှာ မစောင့်ဘူး
ညတစ်ခေါက်တော့ မလွဲကြုံရမှာပဲ
ဒါ… အခွင့်အရေးပေါ့ကွာ

ကေ.တီ.အမ်

Saturday, October 18, 2008

ရွှေအိုရောင် အငွေ့အသက်များ

ရွှေအိုရောင် အငွေ့အသက်များ

အတောင်လည်း
မထွက်ချင်တော့ပါဘူး
ကိုယ့်ခြေထောက်လေး တပ်…ပြီး
တစ်ခေါက်လောက်
လျှေက်ချင်တာပေါ့ဗျာ …
နွေးထွေးစည်းလုံးမှုအပြည့်နဲ့
လက်ကလေးတွေတွဲ

စမ်းရေလည်း စီးဆင်းစရာမလိုသကဲ့သို့
ငှက်တွေလည်းတေးဆိုစရာမလိုပါဘူး

မြူမှုံတွေကင်းဝေး
အသက်ရှူသံအစုံအလင်နဲ့
အိမ်အိုအိုလေးတစ်လုံးထဲက


ကေ.တီ.အမ်

Wednesday, October 15, 2008

မြောက်လက်တီကျူ ၂၂ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ ၉၈ဒီဂရီ အကြား

မြောက်လက်တီကျူ ၂၂ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ ၉၈ဒီဂရီ အကြား

အရှေ့ရပ်မှနေထွက်ပါသည်
လေထုရဲ့လက်တွေမှာ ရနံ့မျိုးစုံ
ကားပေါ်ကလူ …
လူပေါ်က ကလေး၊ ခွေး၊
ဖိထားသင့်ကုန်သော အရာဝတ္ထုများ
ဖိနပ်ပါးခြင်း၊ ကွမ်းတံတွေး မထွေးရ
ဟွန်းမတီးရ နယ်မြေ

ဗိုက်ထဲကို ပြုတ်ကျသွားခြင်း
ပြုတ်မကျရခြင်းနဲ့ ခွက်ပိန်များ
ခုံပေါ်ထိုင် စာအုပ်ဖွင့်
ကမ္ဘာနှင့် အဝေးဆုံးက
အိမ်လှလှတစ်လုံး (အဖြူ နှင့် အစိမ်း)

တတ်တူးအပြည့်နဲ့ ဦးနှောက်ပိန်
မြေပြင်နေ ဘေးချင်းကပ်
ကောင်းခြင်းနည်း စကားအဆုံး
ဆက်လက်ရှင်သန်ခွင့်မရှိသော
ဦးခွံနေ သတ္တ၀ါ

အနောက်ရပ်နေ၀င်
ကြယ်ရောင်တွေ အစီအစဉ်ကျ၊ မကျ
ဟာ… ဟင်….
ဖယောင်းတိုင်မီး မှိန်မှိန်
လေကို လိုအပ်သည်ထက်ထုတ်
၈-၉နာရီ ခဏတာအနားယူခြင်းနှင့်
တစ်ကိုယ်တော် အားပေးခြင်း

စာရွတ်သံခပ်ပါးပါးကြား
ဒိုင်မပါ မနားတမ်းပြေးသော
ကိုရီးယား ဇာတ်ဆောင်များ

စာအုပ်ပိတ် မျက်တောင်မခတ်
ရင်းနှီးပြီးဖြစ်သော ပါးစပ်နှင့် နားတစ်စုံ
အကယ်ဒမီ မျက်ရည်
နောက်တစ်နေ့ အစီအစဉ်ထဲ
ကစားရင်း အကြောင်းအရာကိုတွေ့
ဝမ်းသာလုံးဆို့
အလေးအပေါ့သွား
အိပ်ယာခင်း …. မပြီးနိုင် မအိပ်နိုင်
နွား စကားများပြော

ခွေးတစ်ကောင်တစ်လေ ဟောင်
ဆာလာအိတ်များ မပြည့်မဝ
အလုပ်နားရန်အချိန်ရောက်
အဲဒီလိုနဲ့ပဲ
ငှက်တွေ စတေးဆို၍
အရှေ့ရပ်မှနေထွက်ပါသည်

ကေ.တီ.အမ်

Monday, September 22, 2008

မွန်းတည့်ချိန် … ကြယ်ကြွေသံများ

မွန်းတည့်ချိန် … ကြယ်ကြွေသံများ

ရှေ့ကိုကြည့်မိတယ်
င ရေးချ ငါ
နောက်ကိုကြည့်ပြန်တော့
င ရေးချငါ ပဲ

ရပ်ကြည့်သွား မီးပွိုင့်အလုပ်မလုပ်
အချိန်ရှိသမျှ ရှိတဲ့အချိန်တိုင်း
အရေခွံမခွာ ငါ့အားငါပြန်ဝါးမြို
အတ္တတွေ …
နှာစေးဖို့ကိုမေ့နေတယ်

မင်းမသွားသေးဘူးလား
မွန်းတည့်နေပြီ
နေ၀င်ချိန်တွေ ဘာအတွက်များ
အားကိုးနေတာလည်း
ကွေးလက်အခိုက်အတန့်
ကြွေကျကုန်တဲ့ အသက်ရှူသံတွေ

ကဲ ဘာဆက်လုပ်မှာလဲ

ကေ.တီ.အမ်

Wednesday, July 23, 2008

ကကြိုး

ကကြိုး

ညှင်သာလိုက်ကြတာ
ခန္ဓာပေါ်ထိတဲ့ လက်တွေက
ရေတစ်စက်မက အပေါက်ပေါက်ကျလို့
မျက်လုံးဖွင့် အသက်ရှုတိုင်း
ဘာသာမဲ့စွာ နှလုံးခုန်ရင်း
အသောက်အစားမပြတ်ခဲ့
နေ့တလှည့် ညတလှည့်
တိမ်တွေစုံလင်ခဲ့ကြတယ်
ကြယ်တွေစုံလင်ခဲ့ကြတယ်
နှုတ်မဆက်ပဲလည်း ဝေ
နှုတ်မဆက်ပဲလည်း ကြွေ
သီချင်းတစ်ပုဒ် စညဉ်းတတ်တော့
မြင်မြင်သမျှဝန်းကျင်
သစ်ပင်စိမ်းစိမ်းတွေ
သီးလို့ပွင့်လို့ …
အရိပ်ကိုခိုဖူးခဲ့တယ်
အကိုင်းကိုချိုးဖူးခဲ့တယ်
အသီးကိုစားဖူးခဲ့တယ်
အခုတော့
အလင်းတွေ ပစ်ချရင်း
လွတ်လပ်ခြင်းတွေ ပစ်ချရင်း
နေ၀င်ချိန်တွေပဲ ရခဲ့တယ်

ကေ.တီ.အမ်

Sunday, July 20, 2008

ခေါင်းစဉ်မရှိ (၁)

ခေါင်းစဉ်မရှိ (၁)

အဖေ…
ခြောက်ဆယ့်တစ်နှစ်တော့

တိုင်ခဲ့ပါပြီ
ခြေလှမ်းတွေ
အဆက်မပြတ်ပါဘူး
အလှမ်းသုံးဆယ်

အလှမ်းငါးဆယ်
ကျောပြင်တွေတောင်

အစက်အပြောက် ဘ၀နဲ့ပေါ့


ကေ.တီ.အမ်

Friday, June 27, 2008

ငါနဲ့နွေဦး

ငါနဲ့နွေဦး

အရောင်မတူတဲ့မျက်လုံးတွေ
ပိုင်ဆိုင်နေကြမှတော့
ကဲ ကောင်မလေးရေ
လွမ်းခန်းစကြမယ်
သင်္ခြိုင်းက လင်းတလိုအလွမ်းမျိုးနဲ့
ငါ ... ရွှေမချဘူး

ဟုတ်တယ်
ဘ၀နဲ့ရူးသွပ်မှု
အပ်နှစ်ချောင်းလိုပဲ
ဒီပုစ္ဆာကိုတော့လက်လျော့တယ်
အဖြေမထွက်လည်း
ပွဲမလန့်ခင် ဖျာခင်းခွင့်ရလို့
ကျေနပ်ပါတယ်

ပြီးဆုံးသွားမှာပါလေ
ငါ့အတွက်
မင်းရဲ့အသိုင်းအ၀ိုင်းက
လက်ခုပ်သံတွေနဲ့
ကြိုးတန်းလန်းဘ၀ကိုတော့
စိတ်ကုန်တယ်

သေချာတယ်
တို့နှစ်ယောက်က
ပြိုင်မျဉ်းမဟုတ်တာ
မျဉ်းပြိုင်တွေဖြစ်ခဲ့လို့
နတ်ပန်းပွင့်တွေ ခြေခင်းမယ်ဆို
ငရဲက ၀တ်ရည်တွေပဲ
ငါသောက်သုံးမယ်

ရွှေတော့မချဘူး
အဖြေမထွက်လည်း
လွမ်းနေမယ်

ကေ.တီ.အမ်

Sunday, June 22, 2008

ဂိုဒေါင်ဆောက်၊ ဆာလာအိတ် တည်ဖို့လို

ဂိုဒေါင်ဆောက်၊ ဆာလာအိတ် တည်ဖို့လို

ဆက်တင်မျိုးစုံနှင့်
အတုအယောင်လှေကားထစ်
အတက်အဆင်းများလွန်းလို့
ရောက်တဲ့နေရာရပ်
တုတ်တစ်ချောင် ထောင်ဘူးခဲ့

အတောင်မထွက်လည်း
လမ်းလျှောက်တတ်ခဲ့ပြီမို့
မိကျောင်းတစ်ကောင်ရဲ့
မျက်ရည်ကိုပဲ
ဦးနှောက်အပြည့် ဆေးမင်းထိုး

နှလုံးသားမှာ ဖေးမဖို့
ကမ်းလက်တစ်စုံတော့ မပေါက်ခဲ့ဘူး
အစွယ်ပေါက်တတ်ခဲ့လို့
သွေးညှီနံ့ရတိုင်း
စားရကောင်းမှန်း
ပိုပိုသိခဲ့ပြီ

ဝတ်ရုံခြုံခဲ့တိုင်းလည်း
မှန်နံရံတွေပဲ
အက်ကြောင်းထနေခဲ့တာ
အမြင်အာရုံတွေတော့
အာသာကိုမပြေခဲ့ဘူး
ဖားဖား လျားလျားနဲ့
ကိုယ်တိုင်လည်း ဦးဆောင်
ကိုယ်တိုင်လည်း နောက်လိုက်
အင်္ကျီအိတ်တွေတောင်
ကြီးပြင်းခဲ့ပေါ့

ကေ.တီ.အမ်

Thursday, June 19, 2008

ဗလာအားစောင့်သိသော ကျွန်နုပ်

ဗလာအားစောင့်သိသော ကျွန်နုပ်

အဲဒီလိုနဲ့
ကောင်းကင်ကို ခမောက်လိုဆောင်းရင်း
တိမ်တွေစင်တာတောင်
ငါ့ညက လမသာခဲ့သလို
ဘယ်ခွေးမှ ကာရံမညီခဲ့ပြန်

ကောင်းကင်နက်နက်က
ကြယ်တွေ ခုန်ဆင်းကြပေမယ့်
အလင်းတစ်စက်မှ
ငါ့ရင်မှ မခိုလုံကြဘူး

နောက်ကျော
မြေကြီး မိတ်ဖွဲ့ခြင်းမှာ
သစ်ခြောက်ပင်တို့သာ
ဂရုတစိုက် နားထောင်ပေးကြတယ်

လေနီကြမ်းရဲ့ ၀တ်ရုံထက်က
ငါ့အတွေးတွေ
မင်ရဲ့အလှမှာ ခစားနေတတ်လို့
ငါ့နှလုံးသားအတွက်
ဓါးမြှောင်တစ်ချောင်း
ချီးမြှင့်ထားလိုက်တယ်


ကေ.တီ.အမ်